1

ဖွားဖွား မိုးဇက် နှင့်ကျွန်မ

Posted by venus on 7:59 PM in
 "ငါအရမ်းအသက်ကြီးနေပြီ ပြီးတော့ ဒါအရမ်းနောက်ကျနေပြီ" ဆိုတဲ့ အတွေးက ကျွန်မစိတ်ထဲမှာ ထပ်ကာထပ်ကာလွှမ်းမိုးကြီးစိုး နေခဲ့ပါတယ်။ ခင်ပွန်းသည်နှင့် ကွာရှင်းပြတ်စဲခဲ့ပြီး အသက်မွေးဝမ်းကြောင်း ရှေ့နေအလုပ်ကိုပါ တစ်ပြိုင်တည်း စွန့်လွှတ်ခဲ့ရပြီးတဲ့နောက် ကျွန်မကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပျောက်ဆုံးပြီး တော်တော်လေးပင်ပန်း နွမ်းနယ်နေခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဖြစ်ချင်လွန်းလှတဲ့ အောင်မြင်တဲ့ စာရေးဆရာမ တစ်ယောက်ဖြစ်ဖို့ ဆိုတာ…… ကျွန်မ ကိုယ့်အရည်အသွေးကို ကိုယ်တိုင် သံသယ၀င်နေခဲ့ပြီး ပန်းတိုင်အမှားတစ်ခုအတွက် နှစ်ပေါင်းများစွာ အချိန်တွေဖြုန်းခဲ့မိတဲ့ကျွန်မ နောင်တတရားတွေနဲ့သာ ရင်မှာ ပြည့်နှက်နေခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ ရေဒီယိုမှ စတင်ထုတ်လွင့်နေတဲ့ အဖွားမိုးဇက်ဘ၀ကြောင်းကို ကျွန်မစိတ်အင်အားချိနဲ့ စွာနဲ့ နားထောင်နေခဲ့မိတာကတော့ ……




"အန်းမေရီမိုးဇက်ဟာ အသက် ၁၃နှစ်အရွယ်မှာ အိမ်မှစွန့်ခွာလာခဲ့ပါတယ်။ သူမမွေးဖွားခဲ့တဲ့ ကလေး၁၀ယောက်အနက် အသက်ရှင်ကျန်ရစ်သူ ကလေး၅ယောက်ကို ပြုစုပျိုးထောင်ဖို့ ခက်ခဲပင်ပန်းကြီးစွာ ရုန်းကန်ခဲ့ရသူပါ။ တစ်ဝမ်းတစ်ခါးအတွက် ဆင်းရဲပင်းပန်းလှတဲ့ လယ်တောတဲမှာ လယ်သူမအဖြစ် အသက်မွေးဝမ်းကျောင်းခဲ့ရတဲ့ သူမအဖို့ ပန်းအနည်းငယ်ထိုးထားတဲ့ ကင်းဗက်ပိတ်သားနဲ့သာ အ၀တ်အစား အလှအပအတွက် သူမကိုယ်သူမ အလှဆင်နိုင်ခဲ့ရှာတယ်။
ခက်ခဲပင်းပန်းစွာ ရုန်းကန်ခဲ့ရပြီး အသက် ၇၈နှစ်အရွယ်မှာတော့ သူမလက်တွေဟာ ပန်းထိုးအပ်ကိုကိုင်နိုင်ဖို့ တုန်ရီလွန်းနေပါပြီ။ ကိုယ့်ကိုယ်ကိုအသက်ကြီးပြီး မလုပ်နိုင်မကိုင်နိုင်သူ တစ်ယောက်အဖြစ် လက်လျော့လိုက်မယ့်အစား သူမစပါးကျီထဲမှာ ပန်းချီဆွဲတဲ့အလုပ်ကို စတင်လုပ်ကိုင်ခဲ့ပါတော့တယ်။
တောက်ပတဲ့ဆေးသားနဲ့ ကျေးလက်အလှကို အသေးစိတ်ဖော်ကျူးထားတဲ့ ပန်ချီကားတွေကို ပိတ်ကားထက်မှာ စတင်အသက်သွင်းရေးဆွဲ ခဲ့ပါတယ်။ ပထမအစပိုင်း နှစ်နှစ်လောက်မှာတော့ သူမရဲ့ပန်းချီကားတွေဟာ လက်ဆောင်ပေးရရုံလောက်နဲ့ အဖိုးအခနည်းနည်းလေးနဲ့ရောင်းချရရုံလောက်သာ တန်ဘိုးရှိခဲ့ပေမယ့် အသက် ၇၉နှစ်၊ ပန်းချီလောကကြီးကရှာဖွေ တွေ့ရှိပြီးခဲ့တဲ့နောက်ပိုင်းမှာတော့ သူမပန်းချီကားတွေဟာ သမိုင်းဝင်ခဲ့ပါတော့တယ်။ အဲဒီနောက်ပိုင်း ပန်းချီကားပေါင်း ၂,၀၀၀ ကျော်ကိုရေးဆွဲခဲ့ပြီး "Twas the night before Christmas" စာအုပ်ကို သူမအသက် ၁၀၀ပြည့် ချိန်မှာပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပါတယ်။ "
ရေဒီယိုကိုနားထောင်နေတဲ့ ကျွန်မရဲ့"မဖြစ်နိုင်ဘူး အရမ်းနောက်ကျနေပြီ" ဆိုတဲ့အတွေးတွေကလည်း လုံးလုံးလျားလျားကို ပြောင်းလဲသွားခဲ့ပါပြီ။ အဖွားမိုးဇက်တောင် အသက်၈၀နောက်ပိုင်းမှာ အောင်မြင်မှုရနိုင်ခဲ့သေးရင် ကျွန်မအသက်၃၀ နောက်ပိုင်းဆိုတာ မျှော်လင့်ချက် အများကြီးရှိသေးတာပေါ့။ အဖွားမိုးဇက်ရဲ့ ဘ၀အကြောင်းထုတ်လွှင့်နေတဲ့ အစီအစဉ်မပြီးခင်မှာပဲ ကွန်ပျူတာမီးခလုတ်ကိုဖွင့်လိုက်ပြီး ကျွန်မရဲ့စွန့်လွှတ်လိုက်အံ့ဆဲဆဲ ဖြစ်ခဲ့တဲ့ ၀တ္ထုစာအုပ်လေးကို စတင်အသက်သွင်းရေးသားမိပါတော့တယ်။ ရှစ်လအကြာမှာတော့ ကျွန်မရဲ့ ၀တ္ထုစာအုပ်လေးကို စတင်ပုံနှိပ်ထုတ်ဝေခဲ့ပြီး စာဖတ်ပရိတ်သတ်လက်ထဲသို့ အရောက် ဖြန့်ချီနိုင်ခဲ့ပါတယ်။


Liah Kraft-Kristaine _ Grandma Moses and Me စာစုလေးကို Venus မှဆီလျှော်အောင် ဘာသာပြန်သည်။ (Trans-01)


Venus အမြင် …
သင်တစ်ကယ်ဖြစ်ချင်တဲ့ သင့်အိမ်မက်အတွက် မဖြစ်နိုင်ဘူး အရမ်းနောက်ကျနေပြီဆိုတာ မရှိပါဘူး။ သင်မက်ခဲ့တဲ့ အိမ်မက်ကို သင်ကိုယ်တိုင်စတင်လုပ်ကိုင်ဖို့ သတ္တိ စိတ်ဓါတ် ခွန်အားလေး တစ်ခုသာ သင့်မှာ လိုအပ်တာပါ။ သင့်အိမ်မက်ကို တစ်ကယ်တမ်း လက်တွေ့ အကောင်အထည်ဖော်ဖို့ သင့်အပေါ်မှာပဲ မူတည်ပါတယ်။ အရမ်းနောက်ကျနေပြီ၊ ဒီလိုအခြေအနေမှာ မဖြစ်နိုင်ပါဘူး ဆိုတာ သင့်အတွေးတစ်ခု သင့်ဆင်ခြေတစ်ခုပါ။

1 Comments

Post a Comment

မှာတမ်းလွှာ

Cute Couple

Copyright © 2009 Little Venus's Diary All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.